Bitcoin ဆိုတာ….

Bitcoin

ဒီ Bitcoin အကြောင်းစာစုကို

ကျွန်တော်အရင်ကကြိုပြောခဲ့သလို

ဦးထုတ်နက် တွေးခေါ်နည်း ( အဆိုး / သတိထားစရာ /

အန္တရာယ်များ ကို အသားပေး တွေးခေါ်နည်း ) နဲ့ပဲ

ဦးစားပေး ရေးသွားမှာ ပါ ။

Bitcoin  ရဲ့ကောင်းကျိုးတွေကို

သီးသန့်ဖော်ထုတ်ရေးသားပြီး

ဆိုးကျိုးတွေကိုဖော့ရေးသွားတဲ့ဆောင်းပါးတစ်ပုဒ်ကို

တန်ပြန် ရေးတာမို့လို့ ဖြစ်ပါတယ် ။

ဒီ စာစု ( စာစဉ် ) မှာအောက်ပါအကြောင်းအရာတွေ

ပါဝင်သွားမှာဖြစ်ပါတယ်။

၁။ Bitcoin ဆိုတာ ဘာလဲ ?

Bitcoin တွေက ဘယ်က ထွက်လာတာလဲ ?

Miner ဆိုတာ တွေက ဘာတွေလဲ ?

၂။ Bticoin ကို ဘယ်လို အသုံးချရမှာလဲ ? သုံးနေကြသလဲ ?

၃။ Bitcoin နဲ့ဗဟိုချုပ်ကိုင်မှုမဲ့ခြင်း

ဘယ်လို ဆက်စပ်လဲ ?

၎။ Bitcoin နဲ့အွန်လိုင်းအခြေပြုရာဇဝတ်မှုတွေ

ဘယ်လို ဆက်စပ်လဲ ?

၅။ Bitcoin နဲ့နည်းပညာအခြေပြုလိမ်ညာမှုတွေ

ဘယ်လိုဆက်စပ်လဲ ?

၆။ Bitcoin သုံးသူ၊ဝယ်ယူစုဆောင်းသူတွေဟာ

Bitcoin ကြောင့် နစ်နာမှု ရှိနိုင်သလား ?

၇။ Bitcoin နဲ့ငွေကြေးခဝါချမှု

၈။ Bitcoin နဲ့လူထုအကြားငွေကြေးစီးဆင်းမှု

၉။ Bitcoin နဲ့နိုင်ငံတစ်နိုင်ငံရဲ့ငွေကြေးစီးဆင်းမှု

၁၀။ Bitcoin ရဲ့ ဈေးနှုန်း အတက်အကျ ကြမ်းမှု ၊

Bitcoin ဈေးနှုန်းကိုသက်ရောက်စေတဲ့အရာတွေ

၁၁။ Bitcoin စနစ်ကို စတင် မိတ်ဆက်တီထွင်ပေးခဲ့တဲ့

မောင်မင်းကြီးသားဆာတိုရှီဘယ်ရောက်နေလဲ ?

သူ့ကြောင့် Bitcoin လောကမှာ

ဘာ သက်ရောက်မှု ရှိလာနိုင်သလဲ ?

စာကအတော်လေးကိုရှည်မှာမို့လို့

စာဖတ်သူအနေနဲ့အချိန်ပေးမဖတ်ခင်မှာ

သိသင့်သိထိုက်တယ်ထင်လို့

ကျွန်တော့်ဘက်က ကြိုတင် ဝန်ခံ ကြေငြာထားချင်တာလေး တစ်ခု ရှိပါတယ် ။

ကျွန်တော်ဟာ Bitcoin ကိုကိုယ်တိုင်ဝယ်ယူသုံးစွဲခြင်း၊

Mining လုပ်ခြင်းအတွေ့အကြုံလုံးဝမရှိပဲ

သဘောတရားအရကိုသာ

ဦးစားပေးလေ့လာရေးသားထားတာဖြစ်ပါတယ်။

Bitcoin အပါအဝင် ဘယ် Cryptocurrencies ကိုမှ

ရင်းနှီးမြှုပ်နှံထားသူတစ်ယောက်မဟုတ်သလို

ရွှေ၊အိမ်ခြံမြေစတာတွေကိုလည်း

ဈေးတက်လာဖို့ထိုင်စောင့်ပြီး

ဝယ်ယူစုဆောင်းတာမျိုးကို

မိမိခံယူချက်အရမနှစ်သက်လို့

လုံးဝ မလုပ်သူ တစ်ယောက် ဖြစ်ပါတယ် ။

တကယ့်ပြင်ပမှာလူတွေကို

ကောင်းကျိုး သက်ရောက်မှု တစ်ခုခု

သေချာပေးနိုင်မယ့်နေရာမျိုးမှာသာ

ကျွန်တော့်ငွေကြေးကိုရင်းနှီးမြှုပ်နှံလိုသူ

တစ်ယောက် ဖြစ်ပြီး

ဘယ်သူ့ကိုမှ အကျိုး မရှိစေတဲ့ 

( သွယ်ဝိုက် အကျိုးယုတ်စေတဲ့ )

ရင်းနှီးမြှုပ်နှံမှု၊ရောင်းဝယ်ဖောက်ကားမှုမျိုးကို

မိမိခံယူချက်အရလုံးဝအားမပေးသူ

တစ်ယောက် ဖြစ်ပါတယ် ။

ဒါကြောင့် ဒီ စာစု နဲ့ ပတ်သက်လို့

သေချာအာမခံနိုင်တာတစ်ခုက

ဒီစာစုရဲ့အကျိုးသက်ရောက်မှုကနေ

ကျွန်တော့်အနေနဲ့

ငွေရေးကြေးရေးအကျိုးအမြတ်အနေနဲ့

ရယူ လိုစိတ် လုံးဝ မရှိ / ရမှာ မဟုတ်ဘူး ဆိုတာပါပဲ ။

Bitcoin နဲ့ Cryptocurrencies တွေ အကြောင်းကို

သေချာမသိသေးတဲ့  စိတ်ဝင်တစားလေ့လာနေသူတွေကို

တစ်ခြမ်းပဲ့အယူအဆတွေသက်သက်နဲ့

မဆုံးဖြတ်ကြစေချင်လို့သာ

ဒီ စာ ကို ရေးရတာ ဖြစ်ပါတယ် ။

ကဲကျွန်တော်တို့စကြရအောင်ဗျာ။

=========

၁။ Bitcoin ဆိုတာ ဘာလဲ ?

Bitcoin တွေက ဘယ်က ထွက်လာတာလဲ ?

Miner ဆိုတာ တွေက ဘာတွေလဲ ?

နည်းပညာအရအသေးစိတ်တွေရှင်းပြမှာမဟုတ်ပေမယ့်

အရေးကြီး တဲ့ သိသင့်တာလေးတွေတော့ 

ပြောသွားခွင့်ပြုပါ။

(  ပိုမိုကွယ်ကူတဲ့ရှင်းပြဟန်တစ်မျိုးနဲ့အောက်မှာ

ထပ်ရေးပေးထားပါတယ် )

Bitcoin ကို နည်းပညာ အခြေပြု ( ဝှက်စာသုံး )

ငွေကြေးတစ်မျိုးလို့

သတ်မှတ်ထားကြတာများပါတယ်။

အွန်လိုင်းပေါ်မှာရှိတဲ့တစ်ချို့သောလူတွေအချင်းချင်း

ကုန်ပစ္စည်းတွေ၊ဝန်ဆောင်မှုတွေအတွက်

ငွေ ပေးချေရာမှာ Bitcoin ကိုအသုံးပြုကြပါတယ်။

( ဒီလို အသုံးပြုဖြစ်အောင် ၂၀၀၈/၂၀၀၉လောက်မှာ

Satoshi Nakamoto ဆိုသူက

စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

ဒီလူဘယ်သူလဲဆိုတာခုချိန်ထိဘယ်သူမှမသိသလို

၂၀၁၀လောက်ကတည်းကအွန်လိုင်းလောကမှာပါ

လှုပ်ရှားမှု လုံးဝ မရှိတော့ပဲ ပျောက်ကွယ်သွားပါတယ် ။ )

Bitcoin သုံးစနစ်ကိုတီထွင်ခဲ့တဲ့ရည်ရွယ်ချက်ကတော့

၁။လက်ရှိသုံးနေတဲ့နိုင်ငံအသီးသီးက

ကျောထောက်နောက်ခံပေးထားတဲ့

ငွေကြေးတွေကိုအစားထိုးသုံးစွဲဖို့

၂။လက်ရှိငွေကြေးစနစ်မှာ

နိုင်ငံရေးနဲ့စီးပွါးရေးအင်အားကြီးသူတွေကသာ

လက်ဝါးကြီးအုပ်၊ထိမ်းချုပ်ခံထားရတာကိုတော်လှန်ဖို့

၃။ပိုမိုမြန်ဆန်တဲ့ငွေကြေးပေးချေမှုတွေလုပ်နိုင်ဖို့

၎။ငွေပေးချေရာမှာသာမန်ထက်ဈေးနှုန်းသက်သာစေဖို့၊

( + =  ကြားခံ Banks တွေ

Companies တွေမရှိတော့ပဲ

ပေးသူလက်ခံသူတိုက်ရိုက်ဖြစ်ဖို့  )

၅။ ဘယ်သူ ဘယ်ဝါ တိတိကျကျ သိစရာ ဖော်ပြစရာ မလိုပဲ

ငွေကြေးပေးချေမှုတွေလုပ်နိုင်ဖို့ <<<

စတာတွေ  ဖြစ်နိုင်ပါတယ် ။

( ဖြစ်နိုင်တယ်လို့ ပြောရတာက

သူ့ရည်ရွယ်ချက်အစစ်ဟုတ်မဟုတ်

ဒီအချိန်မှာမေးခွင့်စစ်ဆေးခွင့်မရှိတော့လို့

မှန်းဆပြောကြရတာမို့လို့ ပါ )

တကယ်တမ်းတော့ Bitcoin ဆိုတာ

အပြင်မှာကိုင်တွယ်လို့ရတဲ့အကြွေစေ့မဟုတ်သလို

ရုပ်ပိုင်းဆိုင်ရာအရ လက်ဆုပ်လက်ကိုင် ပြလို့ မရပါဘူး ။

အရိုးရှင်းဆုံးပြောရရင်

> ကျော်ကျော်ဆိုသူကမောင်မောင်ဆိုသူကို

မည်သည့်အချိန်က ငွေကြေးမည်မျှ ပေးချေပါသည် < ဆိုတဲ့ စာသားတွေကို

ကိန်းဂဏာန်းသင်္ကေတတွေအနေနဲ့ပြောင်းထားတဲ့

ဂဏာန်းတွဲကြီး တစ်ခုပါပဲ ။

အဲ့ဂဏာန်းတွဲကြီးကိုလုံခြုံစိတ်ချရအောင်၊

ကူးယူပွါးယူလို့မရအောင်အောက်ပါအချက်တွေနဲ့ထိမ်းကြောင်းပါတယ်။

၁။ကျော်ကျော်မှာဝှက်စာ၁ခုရှိပါတယ်

၂။မောင်မောင်မှာဝှက်စာ၁ခုရှိပါတယ်

သူတို့ရဲ့ Private Key လို့ ခေါ်ပါတယ် ။

( အပြင်မှာ ငွေပေးချေတဲ့ အခါ သုံးတဲ့ ထိုးမြဲ လက်မှတ်နဲ့ သဘောတရား ဆင်ပါတယ် )

၃။ အဲ့ဒီ ဝှက်စာနဲ့ အသိအမှတ်ပြုပေးထားတဲ့ ငွေလွှဲပို့မှု ဟုတ်မဟုတ် စစ်ဆေးနိုင်ဖို့

နောက်ထွက်ဝှက်စာ၁ခုရှိပါတယ်။

Public Key လို့  ခေါ်ပါတယ်

၎။ငွေလွှဲချေမှုတိုင်းအတွက်မတူညီတဲ့

ဝှက်စာ၁မျိုးရှိပါတယ်။

( Bitcoin အပါအဝင် Cryptocurrencies တိုင်းမှာ

ငွေလွှဲမှုတိုင်းအတွက်

ဟိုး အစကနေ နောက်ဆုံးအချိန်အထိ မှတ်သားထားတဲ့ Blockchain ဆိုတာ ရှိပါတယ် ။

Cryptocurrencies ကိုစိတ်မဝင်စားရင်တောင်

ဒီ  Blockchain နည်းပညာဟာတော့

တခြားနေရာတွေမှာထိရောက်အောင်အသုံးချနိုင်မှာဖြစ်တဲ့အတွက်

ပညာရှင်အတော်များများ စိတ်ဝင်စားကြပါတယ် ။ )

၅။ ငွေ ( Bitcoin ) လွှဲတဲ့ပမာဏကလည်း

ကိန်းဂဏာန်းတွဲ ၁ ခု ဖြစ်ပါတယ် ။

၆။ဒါတွေကိုပိုပြီးလုံခြုံအောင်

SHA 256 ( SHA – Secure Hashing Algorithm ) ဆိုတဲ့ စနစ်ကို ထပ် သုံးထားပါသေးတယ်

( SHA 256 ဆိုတာကိုအလွယ်ပြောရရင်

အက္ခရာတွေနဲ့ ကိန်းဂဏာန်းတွေ 

*၂၅၆* ခါပါဝင်တဲ့ဝှက်စာအတွဲကြီးပါ။

ဘယ်အတွဲနဲ့ပို့လိုက်လဲဆိုတာကိုဖြစ်နိုင်ချေအရတွက်ချက်မယ်ဆိုရင်

အလွန်အချိန်ယူ တွက်ချက်ရမှာပေါ့ဗျာ ။  )

=======

Bitcoin စနစ်ကို စတင်လိုက်သူတွေ

တည်ဆောက်ထားတဲ့ကွန်ရက်ကြီးပေါ်မှာ

Bitcoin အသုံးပြုသူအချင်းချင်း

Bitcoin တွေ  အလွှဲအပြောင်းလုပ်လိုက်တိုင်း

အဲ့ဒီအချက်တွေကနေစုပေါင်းဖြစ်ပေါ်လာတဲ့

ဂဏာန်းတွဲကြီးတွေကို

မှန်မှန်ကန်ကန်တွက်ချက်ပြီး

Blockchain မှာမှတ်တမ်းတင်ပေးနေတဲ့လူတွေကို

Ledger Keeper လို့ ခေါ်ပါတယ်

( ကြိမ်ဖန်များစွာမှန်းစတွက်ချက်ရတာဖြစ်ပါတယ်။

သချာင်္ပုဒ်စာတွေမှာမသိကိန်းတွေကိုဖြေရှင်းရသလိုနဲ့

နီးစပ်ပါတယ်။

ဒါပေမယ့်သာမန်ပုဒ်စာတွေမဟုတ်ပဲ

အတော်ကြီးကိုခက်ခဲပြီး

အချိန် ယူ တွက်ချက်ရတဲ့ ပုဒ်စာတွေပါ ။ )

( Blockchain ဆိုတာ

Bitcoin လွှဲပြောင်းမှုတွေကိုပွင့်လင်းမြင်သာစွာ

မှတ်တမ်းတင်ပေးထားတဲ့ စာရင်း စာအုပ်ကြီးတစ်အုပ် – Public Ledger – နဲ့ တူပါတယ် )

သူတို့ – Ledger Keeper – တွေ ဟာ

အဲ့လိုမျိုးဂဏာန်းတွဲဝှက်စာတွေကိုတွက်ချက်ဖို့အတွက်

ကွန်ပြုတာ ၊ Graphic Card ၊လျှပ်စစ်မီးစတာတွေကို

စိုက်ထုတ်ပြီး လုပ်ပေးနေရတာဆိုတော့

အဲ့လိုတွက်ချက်ပေးပြီး

မှန်မှန်ကန်ကန်မှတ်တမ်းတင်ပေးလိုက်ပြီဆိုရင်

သူတို့ကိုဆုကြေးအနေနဲ့

Bitcoin တစ်ချို့ ထုတ်ပေးပါတယ် ။

အဲ့လို ထုတ်ပေးလိုက်တဲ့ Bitcoin တွေဟာ

နဂို Blockchain ထဲမှာ လည်ပတ်နေပြီးသား ၊

ငွေပေးချေမှုတွေလုပ်ပြီးသား Bitcoin တွေထဲကမဟုတ်ပဲ

အလိုလိုအသစ်ထပ်မံထွက်ပေါ်လာတဲ့

Bitcoin အသစ်တွေဖြစ်ပါတယ်။

ဒါကြောင့် သူတို့ဟာ Bitcoin အသစ်တွေကို

တူးယူနေသလိုဖြစ်နေလို့

Miner လို့လည်း ခေါ်ကြပါတယ် ။ 

သူတို့လုပ်တဲ့လုပ်ရပ်

( Bitcoin သုံးစွဲသူအချင်းချင်း

Bitcoin လွှဲပို့မှုတွေကို စစ်ဆေးပြီး

Blockchain ပေါ်မှာမှတ်တမ်းတင်ပေးရာမှ

ဆုကြေးအဖြစ် Bitcoin ရယူခြင်း )  ကို

Bitcoin Mining လို့ ခေါ်ကြတာ ဖြစ်ပါတယ် ။

( ကြုံရာနေရာကပေါ်လာတဲ့

သချာင်္ပုဒ်စာခက်ခက်ခဲခဲတွေတွက်ပေးလို့

Bitcoins တွေရလာတာမဟုတ်ပါဘူး။

ကျွန်တော်ကိုယ်တိုင် အရင် လေ့လာမိစဉ်တုန်းက

အဲ့ဒီနေရာကိုဘဝင်မကျဖြစ်နေခဲ့တာပါ။

သချာင်္တွက်တာများ < လက်တွေ့ အကျိုး ဖြစ်ထွန်းမှု မရှိပဲ >

ဘာလို့ ပိုက်ဆံ ( Bitcoins ) ပေးနေရသလဲပေါ့😀

တကယ်တမ်းတော့ဒီလိုတွက်ချက်မှုတွေဟာ

Bitcoins လွှဲပို့မှုတွေကိုပိုမိုလုံခြုံစိတ်ချရအောင်

စစ်ဆေးပေးနေတာမို့လို့

တွက်ချက်ပေးသူ – Miners – တွေဟာ

ဆုကြေး အနေနဲ့ Bitcoins တွေရနေတာဖြစ်ပါတယ်။

ဒါကြောင့်ဒီကွန်ရက်ကြီးထဲမှာ

Bitcoin ကိုသုံးစွဲသူအချင်းချင်းလွှဲပို့မှုများလာလေလေ

အဲ့ဒီလွှဲပြောင်းမှုတွေကိုစစ်ဆေး၊

မှတ်တမ်းတင်ပေးသူတွေရှိနေတာမို့

Bitcoins အသစ်တွေ လည်း

တိုးလာလေလေ ဖြစ်နေတာပါ ။

=======

( ဒါပေမယ့် Bitcoin အရေအတွက်ကို

၂၁သန်းလောက်အထိပဲ

ထုတ်လုပ်နိုင်အောင်စနစ်ကကန့်သတ်ထားပြီးသားပါ။

သက္ကရာဇ်၂၁၄၀လောက်မှာ

အဲ့ဒီပမာဏကိုရောက်မယ်လို့တွက်ချက်ထားကြပါတယ်။

အချိန်ကြာလာတာနဲ့အမျှ

Bitcoin လွှဲပြောင်းမှုတွေကိုစစ်ဆေး၊

မှတ်တမ်းတင်ပေးတဲ့လူတွေကို

ဆုကြေးအနေနဲ့ အသစ်ထုတ်ပေးတဲ့ 

Bitcoin အရေအတွက်ကို

တဖြည်းဖြည်းချင်း လျှော့ချသွားခြင်း အားဖြင့်

Bitcoin ထွက်နှုန်းကို လျှော့သွားပါတယ် ။

နောက် တစ်ချက်က Bitcoin တူးသူများလာလေ

တူးရတာ ခက်လာလေပါပဲ ။

စဉ်းစားကြည့်လေ။

တကယ် Bitcoin ကိုလွှဲပြောင်းနေတဲ့လူတွေထက်

အဲ့ဒီလွှဲပြောင်းမှုကို

စစ်ဆေးမှတ်တမ်းတင်ပေးနေတဲ့လူတွေကပိုပိုများလာရင်

ဘယ်လိုဖြစ်နေမလဲဆိုတာ။

( အလုအယက်စစ်ဆေးမှတ်တမ်းတင်ပေးနေရပြီး

အမြန်ဆုံးနဲ့အမှန်ကန်စိတ်အချရဆုံးဆိုတဲ့လူကသာ

မှတ်တမ်းတင်ဆုကြေးအနေနဲ့

Bitcoin အသစ်ကိုရမှာမို့ပါ။

ဒါကြောင့် ဒီလို Mining လုပ်တာကို

တစ်ဦးချင်းမဟုတ်တော့ပဲ

စုပေါင်းပြီး လုပ်ကြတဲ့ Pool Mining ဆိုတာတွေပေါ်လာပြီး

စုပေါင်းဖြေရှင်းကြပါတယ်။

ရလာတဲ့ Bitcoin ကိုမှစိုက်ထုတ်ခဲ့တဲ့စက်အား၊အချိန်၊တွက်ချက်အားအရ

အချိုးကျ ပြန်ခွဲယူကြပါတယ် 

တစ်ချို့တွေ Website တစ်ခုကို Member ဝင် ၊

Software လေးဒေါင်းလုပ်ချပြီး

ကိုယ့်ကွန်ပျူတာကနေတဆင့်

အချိန်ပိုင်း Mining လုပ်တယ်ဆိုတာ

အဲ့ဒီလို လုပ်နေကြတာ ပိုများပါတယ် )

ကွန်ရက်ကြီးအပေါ်မှာ

Bitcoin လွှဲပြောင်းမှုတွေများလာလေ

စစ်ဆေး မှတ်တမ်းတင်စရာတွေများလာလေဖြစ်ပြီး

Bitcoin အသစ်တွေကိုဆုကြေးအနေနဲ့ရနိုင်မှာမို့လို့

Bitcoin Miners or Ledger Keepers တွေဟာ

Bitcoin သုံးစွဲ သူ ပိုပိုများလာဖို့ တိုက်ရိုက် ( သို့မဟုတ်

သွယ်ဝိုက်လှုံ့ဆော်ပေးနေကြတယ်လို့

ကျွန်တော်ကတော့ ယူဆပါတယ် ။ )

=======

ခုနကရှင်းပြသွားတာတွေဟာ

စိတ်ထဲမှာရှုပ်ထွေးစေခဲ့တယ်ဆိုရင်

ကျွန်တော့် အနေနဲ့ အလွန်ရိုးရှင်းတဲ့ ဥပမာ ၁ ခု ပေးပါ့မယ် ။

ကိုကို၊မောင်မောင်၊ကျော်ကျော်၊အောင်အောင်

ဆိုတဲ့လူ၎ယောက်ဟာ

အချင်းချင်း ပုံမှန် ထုတ်ကုန်/ဝန်ဆောင်မှုတွေကို

ဝယ်ယူ အားပေးလေ့ရှိတယ် ဆိုပါစို့ ။

အဲ့လို အားပေးတိုင်းမှာ သူတို့ဟာ သာမန်လူများစု လိုပဲ 

အစိုးရကတရားဝင်ထုတ်ပေးထားတဲ့

ငွေကြေးနဲ့ ပေးချေလေ့ရှိတယ်ပေါ့ ။

တစ်နေ့ကျတော့ စိတ်ကူး တစ်ခုရလာကြတယ် ။

သူတို့တွေအလုပ်လုပ်တိုင်း၊ထုတ်ကုန်ဝယ်တိုင်းမှာ

အစိုးရကတရားဝင်ထုတ်ပေးတဲ့ငွေကြေးနဲ့

ပေးချေအလုပ်လုပ်ကြတဲ့အခါ

၁။ အစိုးရကို အခွန် ပေးနေရတယ် ။

၂။ဘဏ်ကနေငွေလွှဲမယ်ဆိုရင်လည်း

ငွေလွှဲခ က ထပ်ပေးရသေးတယ် ။

ဒီအချက်တွေကိုရှောင်ဖို့

ကိုယ်ပိုင် စနစ်တစ်ခု ထွင်ကြမယ်ပေါ့ ။

ဒီတော့သူတို့ဟာကိုယ်ပိုင်စာရင်းစာအုပ်တစ်အုပ်စပြီးထုတ်လိုက်ပါတယ်။

အဲ့ဒီစာအုပ်ထဲမှာတစ်ယောက်ကို၂၅သိန်းနဲ့

စုစုပေါင်းငွေကြေးသိန်း၁၀၀ရှိတယ်လို့

စာရင်း စထည့်လိုက်ပါတယ် ။

( အပြင်မှာလည်း၎ယောက်ပေါင်းပြီး

သိန်း ၁၀၀ ကို တစ်နေရာရာမှာ ထားထားလိုက်ပါတယ် ။ )

ပြီးတော့သူတို့ဟာအချင်းချင်းငွေပေးချေမှုတိုင်းကို

အဲ့ဒီ စာရင်းစာအုပ်ကြီးထဲမှာ မှတ်ပါတယ် ။

၁။ ကိုကိုက ကျော်ကျော်ကို ၅ သိန်းပေးတယ် ။

၂။ ကျော်ကျော်က အောင်အောင်ကို ၂ သိန်းပေးတယ် ။

၃။မောင်မောင်ကကိုကိုကို၁၀သိန်းပေးတယ်။

၎။ အောင်အောင်က မောင်မောင်ကို ၁၅ သိန်းပေးတယ် ။    <<< စသဖြင့်ပေါ့။

ဒီတော့သူတို့ဟာအပြင်က

( အစိုးရကထုတ်ပေးထားတဲ့ ) ငွေတွေကို

အပေးအယူ၊အလွှဲအပို့လုံးဝမလုပ်တော့ပဲ

စာအုပ်ထဲကစာရင်းတွေကိုသာ

အမြဲသေချာမှတ်သားထားရုံပဲပေါ့။

အချိန်ကာလတစ်ခုသတ်မှတ်ပြီး

( ဥပမာ၁ နှစ် ကုန်တော့ ) မှ

အဲ့ဒီ စာအုပ်ထဲက စာရင်းတွေကို ပြန်စစ်မယ် ။

ပြီးရင်လိုတာပိုတာကို

အပြင်မှာထားတဲ့သိန်း၁၀၀ထဲကနေပြန်ရှင်းယူမယ်ပေါ့။

နောက်နှစ်ကျရင်စာရင်းတွေကိုအစကနေပြန်စမယ်ပေါ့။

ဒီလိုလုပ်ခြင်းအားဖြင့်သူတို့ဟာဒီ၁နှစ်အတွင်းမှာ

အစိုးရကကောက်မယ့်အခွန်ကိုရော၊ငွေလွှဲခတွေပါသက်သာသွားပါတယ်။

သူတို့စိုးရိမ်ရမယ့်အဓိကအချက်က

ဒီစာရင်းစာအုပ်ကြီးလုံခြုံစိတ်ချရဖို့နဲ့

စာရင်းမှတ်တာတွေမှာ

လိမ်ညာဖြည့်သွင်းတာတွေမလုပ်ကြဖို့ပါပဲ။

နောက်ပိုင်းမှာ သူတို့ဟာ 

နောက်ထပ်စိတ်ဝင်စားစရာ

စိတ်ကူး တစ်ခု ထပ်ရလာပါတယ် ။

>>>

လက်ရှိအခြေအနေအထိငါတို့ဟာ

ဒီ စာရင်းတွေ နဲ့ ငွေပေးငွေယူ လုပ်နေတာ /

အလုပ် လုပ်နေတာ အတော်လေး အဆင်ပြေတယ် ။

ဒါပေမယ့်၁နှစ်၁ခါလောက်

ဒီစာရင်းတွေကိုအစအဆုံးတိုက်စစ်ပြီး

အပြင်ကအစိုးရထုတ်ငွေကြေးတွေနဲ့

ပြန် လဲယူ နေရတယ် ။

အဲ့လိုလဲတဲ့အခါမှာအစိုးရကို

သူနဲ့ သက်ဆိုင်တဲ့ အခွန်အခ နဲ့

ဘဏ်တွေကိုငွေလွှဲဝန်ဆောင်စရိတ်ကတော့

ပေးနေရဦးမှာပဲ ။

ပြီးတော့အစိုးရရဲ့လုပ်ရည်ကိုင်ရည်ပေါ်မူတည်ပြီး

ငွေကြေးဖောင်းပွမှု ( ကုန်ဈေးနှုန်း တက်မှုတွေကြောင့် )

ငါတို့စထည့်ထားတဲ့သိန်း၁၀၀ဟာတကယ်တမ်းမှာ

သိန်း၁၀၀တန်ဖိုးမရှိတော့ပဲ

သိန်း ၈၀ / သိန်း၉၀လောက်ပဲရှိတော့တာမျိုးလည်း

ကြုံရနိုင်သေးတယ်။

ဒီတော့အဲ့ဒီစာရင်းထဲကငွေတွေကိုအရင်လိုမျိုး

အပြင်ကငွေကြေးနဲ့မလဲတော့ပဲ

စာရင်းအတိုင်းပဲအမြဲထားလိုက်တော့ရင်

ပို မကောင်းဘူးလား ???

အဲ့ဒီစာရင်းတွေကိုပဲ

တကယ့်ငွေကြေးလို့သဘောထားလိုက်ကြရင်

ပို မကောင်းဘူးလား ??? လို့

စိတ်ကူးစရတော့တာပါပဲ။

====

အဲ့ဒီမှာ မေးစရာ တစ်ခု ပေါ်လာတယ် ။

စာအုပ်ထဲကစာရင်းတွေကိုငွေကြေးလို့

သဘောထားလိုက်ရုံနဲ့ပဲ

အဲ့စာရင်းတွေကငွေကြေး

တကယ် ဖြစ်သွားနိုင်သလားပေါ့ ?

ဖြစ်နိုင်တယ်လို့ပဲ ကျွန်တော် ဖြေရပါလိမ့်မယ် ။

ဘာလို့လဲ ဆိုတော့ ကျွန်တော် တို့ အပြင်မှာ သုံးနေတဲ့ ငွေကြေးဆိုတာလည်း

ငွေကြေးလို့ကျွန်တော်တို့အချင်းချင်းစိတ်ချယုံကြည်စွာ

သတ်မှတ်ထားတဲ့စက္ကူရွက်တွေပဲကိုး။

( တိတိကျကျပြောရရင်

ကျွန်တော်တို့သတ်မှတ်ထားတာမဟုတ်ဘူး။

အစိုးရကသတ်မှတ်ပေးထားတာပေါ့။

အစိုးရကတကယ်လို့ဒီစက္ကူရွက်တွေဟာ

ငွေကြေးမဟုတ်တော့ပါဘူးလို့ သတ်မှတ်လိုက်ရင်

ကျွန်တော်တို့ငွေကြေးလို့သတ်မှတ်ပြီးကိုင်ထားတဲ့

စက္ကူရွက်တွေဟာ

သာမန်စက္ကူရွက်တွေဘဝကို

ချက်ချင်း ရောက်သွားမှာမို့ပါ ။

ဖြစ်တော့ ဖြစ်ခဲတာပေါ့ဗျာ ။

ဖြစ်ဖူးတာ ၊ ဖြစ်နိုင်တာကို ထည့် စဉ်းစားဖို့ပြောတာပါ ။ )

နောက်တစ်ချက် က

အစိုးရကဘယ်လိုပင်သတ်မှတ်ထားသော်ငြားလည်း

ကျွန်တော်တို့ပြည်သူအများစုကိုယ်တိုင်က

ဒီစက္ကူရွက်တွေအပေါ်မှာအယုံအကြည်မရှိတော့ရင်

( တစ်နည်းအားဖြင့်

အစိုးရအပေါ်မှာ အယုံအကြည် မရှိတော့ရင် )

ငွေကြေးခေါ်စက္ကူရွက်တွေဟာ

တန်ဖိုး အလွန်အမင်းကျဆင်းနိုင်တာ ၊

သုံးမရတော့သလောက်နီးပါးဖြစ်သွားနိုင်တာပေါ့ဗျာ။

ပေါင်မုန့်တစ်လုံးကိုသန်း၅၅၀ပေးပြီးဝယ်စားရတဲ့

ဇင်ဘာဘွေနိုင်ငံသုံးငွေကြေးကို

ဥပမာ အနေနဲ့ လေ့လာကြည့်နိုင်ပါတယ် ။

=======

ဒီတော့သူတို့

( ကိုကို ၊ မောင်မောင် ၊ ကျော်ကျော် ၊ အောင်အောင် ဆိုတဲ့ လူ ၄ ယောက်ဟာ )

ဒီစာအုပ်ထဲကစာရင်းတွေကို

တကယ့်ငွေကြေးအနေနဲ့

အစားထိုး သုံးစွဲလာပါတော့တယ် ။

သူတို့လိုပဲတခြားအလားတူရည်ရွယ်ချက်ရှိသူ၊

စိတ်သဘောထားတူသူတွေကိုလည်း

ဒီစာရင်းစာအုပ်ကြီးကို

လာသုံးကြဖို့ဖိတ်ခေါ်ကြပါတော့တယ်။

( ဒါပေမယ့်အဲ့ဒီစာရင်းတွေမှာဖြည့်သွင်းတဲ့

စာရင်းငွေတွေဟာ

အရင်ကလို

အပြင်မှာအစိုးရကထုတ်ပေးထားတဲ့ငွေကြေးနဲ့

မတည်ပေးထားခြင်း မရှိတော့ပါဘူး ။

ငွေကြေးမတည်ထားရတဲ့စနစ်ကို

ဖျောက်ထားလိုက်ကြပါတယ် ။

ဒါကြောင့်ဒီစာရင်းထဲမှာလည်ပတ်နေသမျှ၊

တိုးလာသမျှစာရင်းငွေတွေဟာ

အပြင်မှာ ငွေကြေး မတည်ထားတာ လုံးဝမဟုတ်ပဲ

စတင်တည်ထောင်သူတွေနဲ့

သူတို့ရဲ့အယူအဆကိုနှစ်သက်လက်ခံလာတဲ့လူတွေရဲ့

ယုံကြည်မှုသီးသန့်အပေါ်မှာသာ

အခြေတည်ထားတာဖြစ်ပါတယ်။

အဲ့လိုနောက်ခံမတည်ပေးထားတဲ့

ခိုင်မာတဲ့ ငွေကြေး မရှိတာဟာ သာမန်အားဖြင့်တော့

စိုးရိမ်စရာကောင်းလွန်းပါတယ်။

ဒါပေမယ့်တစ်ဖက်ကကြည့်ပြန်ရင်လည်း

ကျွန်တော်တို့ လက်ရှိ သုံးနေတဲ့ ငွေကြေးတွေတောင်

အစိုးရရဲ့ကတိကဝတ်နဲ့

လူတွေရဲ့အစိုးရအပေါ်ယုံကြည်မှုအပေါ်မှာသာ

အခြေခံထားတာဖြစ်နေလို့

သဘောတရားအခြေခံကခပ်ဆင်ဆင်ဖြစ်နေပါတယ်။

ဟိုးအရင်တုန်းကဆိုရင်

အပြင်မှာ ရှိတဲ့ အစိုးရတွေရဲ့ ငွေကြေးတွေကို

ရွှေနဲ့ မတည်ထောက်ပံ့ပေးထားခဲ့ဖူးပါတယ် ။

ဒါပေမယ့် အဲ့လိုမျိုး နိုင်ငံတစ်နိုင်ငံရဲ့ ငွေကြေးကို

ရွှေပေါင်နဲ့အာမခံပေးထားတဲ့ငွေကြေးစနစ်ကနေ

အမေရိကန်က၁၉၃၃မှာစနှုတ်ထွက်ခဲ့ပါတယ်။

၁၉၇၁ရောက်တဲ့အခါမှာ

အမေရိကန်ဒေါ်လာနဲ့ရွှေရဲ့ဆက်စပ်မှုကို

လုံးဝဖြတ်တောက်ပစ်ခဲ့ပြီးပါပြီ။

ဒီတော့ အခုအချိန်မှာ ကျွန်တော်တို့

အမေရိကန်ဒေါ်လာလို့

ယူဆသတ်မှတ်သုံးစွဲနေတဲ့စက္ကူရွက်ဟာ

တကယ်လို့များ အမေရိကန် နိုင်ငံဆိုတာကြီး မရှိတော့ရင် ၊

ဒါမှမဟုတ်အမေရိကန်အစိုးရအပေါ်

သူ့နိုင်ငံသားတွေရောတစ်ကမ္ဘာလုံးကလူတွေရောက

ယုံကြည်မှု မရှိတော့ရင်

ဘာတန်ဖိုးမှမရှိတော့တဲ့စက္ကူရွက်တစ်ရွက်ပဲ

ဖြစ်သွားပါလိမ့်မယ် ။ )

သူတို့ ( ကိုကို ၊ မောင်မောင် ၊ ကျော်ကျော် ၊ အောင်အောင် ဆိုတဲ့ လူ ၄ ယောက်ဟာ ) ဟာစာအုပ်ရဲ့အစမှာ

ကိန်းဂဏာန်းတွေကို

ငွေကြေးအနေနဲ့သတ်မှတ်ပြီးစတင်ထည့်သွင်းတယ်။

ပြီးတော့ဝန်ဆောင်မှုတစ်ခုခုလုပ်တိုင်း၊

ထုတ်ကုန်တစ်ခုခုရောင်းချတိုင်း

ငွေပေးချေတဲ့အနေနဲ့အဲ့ဒီစာရင်းထဲကငွေတွေကို

အချင်းချင်း လွှဲပြောင်းပေးတယ် ။

အဲ့ဒီ စာရင်းတွေကို ကူးယူရခက်အောင် /

အတု လုပ်မရအောင် ဝှက်စာ စနစ်နဲ့ ရေးတယ် ။

ဒီတော့အဲ့ဒီဝှက်စာကိုဖော်ပြီး

စစ်ဆေး မှတ်တမ်းတင်ပေးမယ့်

နောက်ထပ်လူတွေလိုလာတယ်။

( သူတို့ ကိုယ်တိုင်လည်း အဲ့ဒီ အလုပ်ကို လုပ်လို့ရတယ် ။ လုပ်ကြပါတယ် ။ )

အဲ့ဒီလူတွေကိုဝှက်စာဖော်ပေးတိုင်း

စာရင်းထဲမှာ လည်ပတ်နေပြီးသား ငွေ မဟုတ်တဲ့

နောက်ငွေတစ်ခုကိုစာရင်းအသစ်ဖန်တီးပြီး

ဖြည့်ပေးလိုက်တယ်။

ဒါနဲ့ပဲစာရင်းထဲမှာနဂိုအစတုန်းကထက်

စာရင်းငွေတွေကပိုပိုများလာတယ်။

ဒီစာရင်းစာအုပ်ကြီးထဲကငွေတွေဟာ

စာရင်း သက်သက် အနေနဲ့ တန်ဖိုး မရှိဘူးလို့ ထင်ရပေမယ့်

ဒီ စာရင်းစာအုပ် စနစ် ကို လက်ခံထားတဲ့လူတွေ ကြားထဲမှာ တန်ဖိုး ရှိနေတယ် ။

ဒီစာရင်းစာအုပ်နဲ့ငွေပေးချေတဲ့စနစ်ကိုလက်ခံသူတွေထပ်များလာရင်

အဲ့ဒီစာရင်းစာအုပ်စနစ်ကိုယုံကြည်နှစ်သက်သူများလာရင်

ဒီ စာရင်းစာအုပ်ထဲက ငွေတွေဟာ

ပြင်ပကအစိုးရကျောထောက်နောက်ခံထားတဲ့

ငွေတွေထက်ကိုပိုတန်ဖိုးရှိလာတယ်။

=======

အားလုံး ဇာတ်ပေါင်းလိုက်တော့

> ဒီစနစ်ကိုစတင်ခဲ့တဲ့

ကိုကို၊မောင်မောင်၊ကျော်ကျော်၊အောင်အောင်

ဆိုတဲ့လူ၎ယောက်ဟာ

Bitcoin ကို တီထွင်ခဲ့တဲ့ Satoshi Nakamoto နဲ့

လူ တစ်စု ဖြစ်တယ် ။

> သူတို့တီထွင်ခဲ့တဲ့စနစ်ဟာ

Bitcoin System /

Blockchain Ecosystem ဖြစ်လာတယ်

> သူတို့သုံးတဲ့စာရင်းစာအုပ်

ဟာ Blockchain ဖြစ်တယ်

> အဲ့ဒီစာအုပ်ထဲကစာရင်းတစ်ကြောင်းတိုင်းဟာ

Block ဖြစ်တယ် ။

> အဲ့ဒီစာရင်းစာအုပ်ထဲမှာငွေလွှဲပြောင်းမှုတိုင်းကို

ဝှက်စာ အဆင့်ဆင့် ( Private Key + Public Key + SHA 256 ) နဲ့ ရေးထားတယ်

> အဲ့ဒီဝှက်စာတွေကိုဖော်ထုတ်ပြီး

စာရင်းအလွှဲအပြောင်းတွေကိုစစ်ဆေးပေးနေသူတွေဟာ

Bitcoin Miners တွေ ဖြစ်တယ်

> အဲ့လိုစစ်ဆေးပေးလို့စာရင်းစာအုပ်ထဲမှာ

လုံခြုံစိတ်ချရတဲ့ခိုင်မာသေချာတဲ့

စာရင်း၁ကြောင်းတိုးသွားတိုင်း

စာရင်း အလွှဲအပြောင်းတွေကိုစစ်ဆေးပေးနေသူတွေ Bitcoin Miners တွေကို

စာရင်း ပိုက်ဆံ အသစ် – Bitcoin – အသစ်တွေ

( စာရင်း အရ ) ဖန်တီးပြီး

ထပ်ထည့်ပေးလိုက်တယ်။

> ဒီလိုနဲ့စာရင်းစာအုပ်ကြီးထဲက

စာရင်းငွေ တွေ ( Bitcoins ) တွေဟာတိုးတိုးလာနေတယ်။

> > ဒါပေမယ့်စထွင်ကတည်းက

ဒီစနစ်ကြီးထဲမှာ Bitcoins ၂၁ သန်းပဲ ထည့်လို့ရအောင် ထွင်ထားတာမို့လို့

အချိန်ကြာလာတာနဲ့အမျှ

Bitcoins တွေ ရှာရတာ ခက်လာမယ် ။

> ဒီစာရင်းစာအုပ်အယူအဆအောင်မြင်လာလို့

သုံးစွဲသူကများလာတဲ့အခါ

Bitcoin အရေအတွက်ကတော့ အကန့်အသတ် ရှိနေလို့ ၊

Bitcoin ထွက်နှုန်းက အချိန်ကြာလာတဲ့ အမျှ

နှေးလာတာမို့လို့

Supply and Demand အရ

Bitcoin ဈေးနှုန်းဟာပြင်ပကငွေကြေးတွေနဲ့ယှဉ်လိုက်ရင်တက်တက်လာနေခဲ့တယ်။

> ဒီစာရင်းစာအုပ်စနစ်ကြီးပေါ်မှာ

လူတွေပိုပြီးယုံကြည်လာလေ

ဒီ စာရင်းစာအုပ်ကြီးကို လူတွေ ပိုသုံးလာကြလေ

ဒီစာရင်းစာအုပ်ထဲကစာရင်းငွေတွေကိုပိုင်ဆိုင်သူတွေ

( Bitcoin လက်ရှိ ပိုင်ဆိုင်ထားသူတွေ ) နဲ့

စာရင်းစစ်ပေးသူ ( Bitcoin Mining လုပ်သူ ) တွေ ဟာ အကျိုးရှိလာလေပဲ ။

> Bitcoin ကို တီထွင်ခဲ့တဲ့ Satoshi ကိုယ်တိုင်မှာကို

( သူကိုယ်တိုင်ကစာရင်းထိမ်းပေးသူလည်း

လုပ်ခဲ့တဲ့ အတွက် )

ဆုကြေးအနေနဲ့ Bitcoin ၁ သန်းလောက် ရရှိထားတယ် ။

( Bitcoin ၁ သန်း နော် ။ ဒေါ်လာ ၁ သန်း မဟုတ်ဘူး )

သူ ပျောက်ဆုံးနေမှု ( သို့မဟုတ် ) ပုန်းကွယ်နေမှုဟာ

သွေးရိုးသားရိုးဟုတ်မဟုတ်အမျိုးမျိုး

ဆွေးနွေးငြင်းခုံနေကြတုန်းပဲ။

( သူ့ပိုင် Bitcoin ၁သန်းဟာ

အခုကျွန်တော်စာရေးနေချိန်

၂၀၁၇ ဒီဇင်ဘာ ၂၂ ရက်နေ့မှာဆိုရင်

အမေရိကန် ဒေါ်လာ သန်းပေါင်း ၁ သောင်း ၃ ထောင် ကျော် ( ၁၃ ဘီလီယံ လောက် ) နဲ့ညီမျှနေပါတယ်။

သူသာအခုအချိန်ထွက်လာမယ်ဆိုရင်

ကမ္ဘာ့အချမ်းသာဆုံး

နံပါတ် ၁၁၀ ဝန်းကျင်မှာ ရှိနေပါလိမ့်မယ် ။

ခုချိန်မထွက်လာသေးပဲ

Bitcoin တန်ဖိုးတွေဒီထက်တက်လာမှ

ထွက်လာရင်ရော ???

ဒီလောက်များပြားတဲ့ငွေကြေးတွေနဲ့

သူ ဘာတွေ လုပ်နိုင်မလဲ ? လုပ်လာမလဲ ???

ဆိုတာစိတ်ဝင်စားစရာပါပဲ။

> ခုချိန်မှာ တစ်ချို့တွေဟာ Bitcoin ကို

လူအများစိတ်ဝင်စားလာအောင်၊

သုံးစွဲချင်လာအောင် လှုံ့ဆော်ပေးနေကြပြီး

တစ်ချို့တွေကတော့ Bitcoin ထက်

Bitcoin တည်ဆောက်ထားတဲ့ နောက်ခံ က

Blockchain နည်းပညာကို လူထု အကျိုးအတွက်

ကောင်းရာမွန်ရာဘက်မှာအသုံးပြုဖို့ကြိုးစားနေကြတယ်။

> Bitcoin မှာရှိတဲ့အားနည်းချက်လို့သူတို့ယူဆတဲ့အချက်တစ်ချို့ကိုပြုပြင်ပြီး

အလားတူနောက်ထပ်စာရင်းစာအုပ်အသစ်နဲ့

စာရင်းအသစ်တွေ

ဖန်တီးလာကြတဲ့လူတွေ၊

အဖွဲ့အစည်းတွေလည်းရှိလာကြတယ်။

ဒါဟာ Bitcoin မဟုတ်တဲ့

တခြားသော Cryptocurrencies ပေါင်းများစွာ

ပေါက်ဖွားလာရခြင်း ၊

ပေါက်ဖွားလာနိုင်ခြင်းအကြောင်းရင်းတွေပါပဲ။

========

ကဲစာ လည်း အတော်ကြီးကို ရှည်သွားပါပြီ ။

ဒီအပိုင်းကတော့

၁။ Bitcoin ဆိုတာ ဘာလဲ ?

Bitcoin တွေက ဘယ်က ထွက်လာတာလဲ ?

Miner ဆိုတာ တွေက ဘာတွေလဲ

စတာတွေကိုကျွန်တော်နားလည်သလောက်

ကြိုးစားပြီး ပြန်ရှင်းပြတာပါပဲ ။

ကျန်နေသေးတဲ့  Bitcoin အကြောင်း တွေကို

အချိန်ရရင် ရသလို ဆွေးနွေးပေးသွားပါဦးမယ် ။

( ဒီ စာစု အစမှာ ပေးထားတဲ့ ခေါင်းစဉ်တွေ ၁ ခုချင်းကို အေးဆေး ဆက်ဆွဲတာပေါ့ဗျာ🙂 )

ကျွန်တော်ရေးတဲ့စာထဲမှာ

မှားနေတာ၊အယူအဆမတူတာတွေရှိရင်

အားမနာတမ်း ဆွေးနွေးနိုင်ပါတယ်ဗျာ ။

ယဉ်ယဉ်ကျေးကျေးနဲ့သဘောထားကွဲလွဲကြောင်း

ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ် ။

🙂

လေးစားလျက်

#Credit

#ကိုဇင်ဇေ